Powered by Blogger.
Recent Comments Widget
RSS

Facebook နဲ့ပတ်သက်လို့ ...

၁။ Like, Comment, Share တစ်ခုခု သို့မဟုတ် အားလုံးကိုလက်ခံနိုင်မှ Post, Photo, Status တင်ပါ။ အကယ်၍ မကြိုက်တဲ့ Comment ပေးလာရင်လည်း Delete လို့ရပါတယ်။ ဒါ့အပြင် လုပ်နိုင်တာတွေ Friend Setting ထဲက Option မှာ ကြိုက်သလိုရွေးလို့ရပါတယ်။ ၂။ ဒီလူ Post တွေတင်တာ သိပ်ကြမ်းတယ်။ ရိုင်းတယ်။ လူ့အဖွဲ့အစည်းကိုထိခိုက်တယ်။ အုံကြွမှုဖြစ်အောင် ဖန်တီးနေတယ်လို့ယူဆရင် Report လုပ်နိုင်တယ်။ နောက်နောင် လုံးဝမမြင်ချင်ဘူးဆိုရင်လည်း Block ပြီး Unfriend လုပ်လိုက်ရုံပဲ။ ၃။ ဒီ Friend ရဲ့ သဘောထားနဲ့လုပ်ဆောင်ချက်တွေ မကြိုက်ဘဲနဲ့တော့ Friend လုပ်မထားပါနဲ့။ ဒေါမနဿ ၀န်ထုပ်ဝန်ပိုးကြီးထမ်းထားရသလိုဖြစ်နေမယ်။ ၄။ အကယ်၍ ဒီ Friend ကို ကြိုက်တော့မကြိုက်ဘူး သူ့လှုပ်ရှားမှုကို လေ့လာစောင့်ကြည့်ဖို့ လိုအပ်တယ်ဆိုရင် အဲဒီအတိုင်းပဲနေ၊ Like, Comment, Share တစ်ခုခုသွားမပေးနဲ့။ သူ့ကို စောင့်ကြည့်နေတယ်ဆိုတာ သတိမပေးမိစေနဲ့။ ၄။ သူ့ Timeline ပေါ်က Post, Photo, Status လောက်နဲ့ အပြင်မှာ လက်သီးနဲ့ထိုး ဓါးနဲ့ထိုးပြီး ပြဿနာသွားမရှင်းနဲ့။ Facebook ထဲမှာ သူ့ကို ပြန်လုပ်နိုင်တဲ့အခွင့်အရေးတွေ ပေးထားပြီးသား။ အဲဒါမှ မကျေနပ်သေးဘူးဆိုရင်လည်း တရားမကြောင်းနဲ့ဆိုင်ရင် တရားမကြောင်းနဲ့ တရားစွဲ။ ရာဇ၀တ်ကြောင်းနဲ့ဆိုင်ရင် ရာဇ၀တ်ကြောင်းနဲ့ တရားစွဲ။ အထောက်အထားတော့ ခိုင်လုံပါစေ။ ၅။ Facebook ပေါ်မှာမဆဲနဲ့ ဆဲရင် လူမှုရေးစရိုက်ကို ဝေဖန်တာ ခံရလိမ့်မယ်။ ၆။ ကိုယ်တိုင်နားမလည်တဲ့ အကြောင်းအရာ အတွေးအခေါ်နဲ့ အပြုအမူတွေ တင်မိရင် အသိ၊ ဉာဏ်၊ ပညာ၊ အဆင့်အတန်းကို ကဲ့ရဲ့လိမ့်မယ်။ ၇။ ပေါ်သမျှအကြောင်းအရာတိုင်း Status မတင်နဲ့။ တွေ့သမျှ Post တိုင်းမှာ Comment ၀င်ဝင်မပေးနဲ့။ ဆရာလိုလို သမားလိုလိုအပြုအမူတွေရှောင်။ နားမထောင်ချင်လည်း ကိုယ့်အတ္တနဲ့ ကိုယ်ပဲ။ ကြာရင် ငပေါကြီးဖြစ်ပြီး လူမုန်းများမှာတော့ အသေအချာပဲ။ ၈။ ဒီ Friend နဲ့ Chat မယ်ဆိုရင် ဒီ Friend အကြောင်းသိအောင်အရင်လုပ်။ နင် တစ်လုံး ငါ တစ်လုံးနဲ့ အရင်မဆက်ဆံနဲ့။ အလုံးစုံသိချင်ရင် About မှာကြည့်။ သူတင်ထားသလောက် About ပေါ်မူတည်ပြီး ချင့်ချိန်ဆက်ဆံ။ ၉။ Facebook ပေါ်မှာ ချစ်ကြိုက်ပြီး Date လုပ်တဲ့အခါ သတိထား။ ကိုယ့်အဖေ၊ ကိုယ့်အမေ၊ ညီမ၊ အစ်မ၊ အစ်ကို၊ မောင်တွေနဲ့ ချိန်းမိလျှက်သားဖြစ်ပြီး အရှက်ဗြန်းဗြန်းကွဲတတ်တယ်။ (ရိုင်းကောင်းရိုင်းမယ် ... အတော်များများ ဒါမျိုးဖြစ်နေကြလို့။) ၁၀။ Facebook ရှေ့မှာ ထမင်းမစား ရေမသောက်ဘဲ တစ်နေကုန် တစ်ညလုံး ထိုင်မနေနဲ့ သေတတ်တယ်။ ၁၁။ Facebook ပေါ်မှာတင်သမျှအကုန် လိုက်မယုံနဲ့ ရူးတတ်တယ်။ ၁၂။ Facebook ကနေထွက်ပြီး အပြင်လောကကိုကြည့်ပါ။ ကိုယ်ထင်တာတွေနဲ့ တခြားစီပဲဆိုတာ သိလိမ့်မယ်။ လောကကြီးက သာယာနေသေးတယ်ဆိုတာလည်း ပြန်ပြီးယုံကြည်လာလိမ့်မယ်။ (ကိုဇင်) ၂၀၁၃ ခုနှစ် ဇွန်လ ၃၀ ရက်။ (ပုဂံကွဲရှ၏ဝေါမှ ကူးယူဖေါ်ပြပါသည်။)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နှစ်ငါးရာ ကြာအောင် ရေခဲပြင်အောက်မှာ မြုပ်ကွယ်နေတဲ့ မိန်းကလေး

Myanmar Online News Friday, Augest 02, 2013 ကလေးမလေး ရဲ့ အရွယ်က ၁၁ ကနေ ၁၅ ကြားမှာ ရှိပါတယ်။ လွန်ခဲ့သော ၁၄၅၀ - ၈၀ ခုနှစ် တုန်းက ရေခဲပြင် အောက်မှာ နှစ်မြုပ်ခဲ့တာ လို့ ယူဆကြပါတယ်။ တွေ့ ရှိခဲ့သမျှထဲမှာတော့ အကောင်းဆုံး တွေ့ ရှိမှုလည်းဖြစ်ပါတယ်။ အပေါ်ယံ အရေပြားတွေ ကတော့ အေးခဲနေသောလည်း အတွင်း ကလီစာ တွေကတော့ အကောင်းအတိုင်း ရှိနေပါသေးတဲ့အတွက် စစ်ဆေးမှု တွေ ပြုလုပ်နေပါတယ်။ နှစ်ပေါင်း ၅၀၀ ကျော်လောက် ရေခဲပြင်အောက်မှာ နှစ်မြုပ်နေပေမယ့် သူ့ ရဲ့ ပုံကို ကြည့်ရတာ အိပ်ပျော်နေတဲ့ ကလေးငယ်လေးတစ်ယောက်လိုပါပဲ။ (Kaung Zay Yan)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ညီမလေးအတွက် စကားလက်ဆောင်

မိန်းကလေးဆိုတာ ပြင်ဆင်မှုအလှနဲ့ သဘာဝအလှဆိုပြီး နှစ်မျိုးရှိတယ်။ ပြင်ဆင်မှုအလှပာာ မိန်းကလေးတိုင်း ပိုင်ဆိုင်ခွင့်ရှိတယ်။ သဘာဝ အလှကတော့ မိန်းကလေးတိုင်း ပိုင်ဆိုင်ခွင့် မရနိုင်ပါဘူး။ ပြင်ဆင်မှုကတော့ ပြောစရာမလိုပါဘူး။ သဘာဝအလှကတော့ နည်းနည်း ပြောချင်ပါတယ်။ မိမိရဲ့ ခန္ဓာကိုယ်ကို အပျိုစင်အတိုင်း တည်ရှိနေခြင်းကသာ သဘာဝ အလှစစ်စစ်ပဲ ညီမလေး။ ခန္ဓာကိုယ် ဖွဲ့စည်းပုံပာာ တစ်ယောက်နှင့် တစ်ယောက် မတူကြပါဘူး။ တစ်ချို့မိန်းကလေးရဲ့ ဖွဲ့စည်းပုံပာာ ပိုပြီး စွဲမက်ဖို့ကောင်းပေမယ့် အဲ့ဒါက မြတ်နိုးထိုက်တဲ့ အလှမျိုး မပာုတ်သေးပါဘူး။ ယောက်ျားသားတိုင်းပာာ မိန်းကလေးတိုင်းရဲ့ အပျိုဂုဏ်ကိုပဲ တကယ်မြတ်နိုးကြတယ် ညီမလေး။ အပျိုစင် မိန်းကလေးမှာ မွေးရာပါ အလှပာာ သဘာဝအတိုင်း တည်ရှိနေတာကို ပြောတာပါ။ အိမ်ထောင်မကျမချင်း မိမိကိုယ်ကို ထိန်းသိမ်းတယ်ဆိုရင် သဘာဝ အလှကို ထိန်းသိမ်းတာပါပဲ။ နောက်တစ်မျိုးက ကိုယ်ကျင့်တရားအလှပါ။ ကိုယ်ကျင့်တရားကောင်းတဲ့ မိန်းကလေးပာာ မပြင်မဆင်ဘဲ အလိုလို လှနေတယ်ညီမလေး။ အဲ့ဒီအလှကို လူသားတွေတင်မပာုတ်ဘူး။နတ်တွေကပါ မြတ်နိုးချစ်ခင်ကြရတယ်။ အလှစစ်ပေါ့။သိပ်အရေးကြီးတဲ့အလှပါ။ ဒါကြောင့် လှချင်ရင် ကိုယ်ကျင့်တရားကောင်းအောင် ကြိုးစားရမယ်။ အပြုံးအလှ။ အပြုံးဆိုတာ အလှတစ်မျိုးပဲညီမလေး။ ပြုံးနေတဲ့လူပာာ အလိုလို လှနေတယ်။ ဘယ်လောက်လှတဲ့လူပဲဖြစ်ဖြစ် မဲ့နေရင် ချစ်စရာမကောင်းဘူး။ ဒါ့ကြောင့် အမြဲ ပြုံးနေနိုင်အောင်ကြိုးစားရမယ်။ ပေါကြောင်ကြောင် အခြောက်တိုက် ရယ်ခိုင်းနေတာမပာုတ်ပါဘူး။ ပြုံးရုံလေးပါပဲ။ ဒီလောက်ဆိုရင် မိန်းကလေးတစ်ယောက်ပာာ တကယ်ကို လှပနေပါပြီ။ နောက်မှဆက်ပြောပါ့မယ်။ အားလုံး အလှကိုယ်စီ ပိုင်ဆိုင်နိုင်ပါစေ။ အားလုံးကို ခင်မင်လျက် (ပြည်ငြိမ်း)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဇီးကွက်

မလိုအပ်ရင်တော့ ထွက်မလာချင်တော့ဘူး
တိတ်တိတ်လေးပဲ ပုန်းနေလိုက်တော့မယ်
ခင်ဗျားတို့ပဲ ကဗျာဆရာလုပ်ကြ
ခင်ဗျားတို့ပဲ စာရေးဆရာလုပ်ကြ
ခင်ဗျားတို့ပဲ နာမည်ကြီးကြ
ခင်ဗျားတို့ပဲ ကြယ်တောက်တမ်း ကစားကြ
ခင်ဗျားတို့ပဲ TV စခရင်တွေပေါ်ကနေ ကျေးဇူးတင်စကားပြောကြ
မျက်လုံးပြူးပေမဲ့ ကမ္ဘာကြီးကို စောင့်ကြည့်ဖို့
ဂျာနယ်လေး တစ်စောင် တလေတောင်
ကျွန်တော့်မှာ ပုံမှန် ၀ယ်မဖတ်နိုင်ခဲ့
ဒီမသာ ဒီလိုနဲ့ သေရမှာပါ
ဘာထူးဦးမှာလဲ
ခင်ဗျားတို့ပဲ ပညာသင်သွားကြ
ခင်ဗျားတို့ပဲ ရှော့ပင်းထွက်ကြ
ခင်ဗျားတို့ပဲ မင်္ဂလာဆောင်ကြ
ခင်ဗျားတို့ပဲ သတင်းစာမှာ ကြော်ငြာကြ
ခင်ဗျားတို့ပဲ အင်တာနက်သုံးကြ
ခင်ဗျားတို့ပဲ ဘောလုံးကန်ကြ
ခင်ဗျားတို့ပဲ စာချုပ်စာတမ်းတွေ လုပ်ကြ
ခင်ဗျားတို့ပဲ အင်တာဗျူးတွေ ခဏခဏ လုပ်ကြ။
ကမ္ဘာဟာ ရွာဖြစ်လာပြီ...ပြောကြပေမဲ့
တစ်ယောက်စာ နေရာကလေးတောင်
ကျွန်တော့်အတွက် ပိုပို ကျဉ်းလာရတယ်
ဒီမသာ ဒီလိုပဲ နေရဦးမှာပါ
ဘာထူးဦးမှာလဲ
တိတ်တိတ်လေးပဲ ပုန်းနေလိုက်တော့မယ်။

 သာရလင်း

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အသစ်တင်ဆက်မှု


ကဗျာတစ်ပုဒ်ရဲ့အလှကို

စကားလုံးတွေနဲ့ ဖုံးကွယ်ခဲ့တယ်



ပန်းချီကားတစ်ချပ်ရဲ့အလှကို

ဆေးရောင်တွေနဲ့ ဖုံးကွယ်ခဲ့တယ်



သီချင်းတစ်ပုဒ်ရဲ့အလှကို

သံစဉ်တွေနဲ့ ဖုံးကွယ်ခဲ့တယ်



ဒီလိုပဲ

ငါဘ၀ရဲ့သမိုင်းကို

သက္ကရာဇ်တွေနဲ့ ဖုံးကွယ်ခဲ့ပြီး

ငါဘ၀ရဲ့လူသားဆန်မှုကို

အဘိဓမ္မာတွေနဲ့ ဖုံးကွယ်ခဲ့တယ်



ငါ့ဘ၀ရဲ့ တစ်ကိုယ်တော်ရူးသွပ်မှုရေ

ပုန်းအောင်းနေရာက ထွက်ခဲ့ပါတော့ . . .။

                                                                   နေမျိုး

                                                                   ၁၉၊ ၃၊ ၁၉၉၆

                                                                   ကြယ်များနဲ့အတူ ခေတ်ပေါ်ကဗျာစာအုပ်မှ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မိသားစု လိဒ်

ပွဲအစကတည်းက
မေမေဟာ . . . ဂိုးသမားတစ်ယောက်
လောကဓံရဲ့ ကန်ချက်ပြင်းပြင်းတွေကို
ပုံစံမျိုးစုံ ပုတ်ထုတ်ကာကွယ်ပေးခဲ့
မိသားစုအတွက် ပေးဂိုးမရှိ စံချိန်တင်ထားဆဲ
မာမာထန်ထန် မကစားနိုင်တဲ့ သားတို့အတွက်
အမေဟာ နောက်ဆုံးခံတပ်ကစားသမား
သက်လုံကောင်းတဲ့ မေမေဟာ
ကံကြမ္မာရဲ့ တိုက်စစ်အဖွင့်မှာ
တံတိုင်းတစ်ခုလို ခုခံ
ပြီးပြည့်စုံခြင်း ပျော်ရွှင်မှုတွေနဲ့
ကွင်းလယ်ကစားကွက်ကို
စီစဉ်တကျ အလှဆင်ပြန်သေးတယ်
ပတ်ဝန်းကျင် ကွင်းပြင်ကြီးထဲမှာ
အနိုင်ဂိုးတွေသွင်းနိုင်ဖို့
ရှေ့တန်းတိုက်စစ်က
ကျွန်တော်တဲ့လား
မေမေရေ . . .
မာယာများတဲ့ ကစားကွက်တွေထဲ
ခြေကုန်လက်ပန်း မကျသေးပေမယ့်
မိသားစုအတွက် ချပေးလိုက်တဲ့ ဖြတ်တင်ဘောတွေမှာ
ခုချိန်ထိ
သား . . . ဂိုးတွေမသွင်းနိုင်သေးဘူး မေမေ။

ညီမင်းဝေ

ကလျာ မတ် ၂၀၁၃

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တစ်ခုတော့ရှိတယ် တစ်ခြမ်းတော့ရှိတယ် တစ်စိတ်တော့ရှိတယ်

ချစ်စိတ်သန်းနေတော့
စစ်ရိပ်စစ်ငွေ့ဟာ တိမ်ရိပ်တိမ်ငွေ့လိုသမ်းနေတာပေါ
ရေတိုစီမံကိန်းနဲ့ ရေရှည်စီမံကိန်းနဲ့ အဏုမြူထိပ်ဖူးနဲ့ ဇီဝမာယာနဲ့
စကတ်ဒုံးကျည်နဲ့ စကတ်အတိုနဲ့ စကတ်အရှည်နဲ့ စကတ်အကွဲနဲ့
ဆံပင်အတိုနဲ့ ဆံပင်အရှည်နဲ့ ဆံပင်ရောင်စုံနဲ့ ဆံပင်အကောက်နဲ့ ဆံပင်အဖြောင့်နဲ့
အပြုံးလည်ဟိုက်နဲ့ အကြည့်နောက်ကွဲနဲ့ နျူကလီးယားနှုတ်ခမ်းနဲ့
နေ့စဉ်သုံးစကားလုံးနဲ့ ညစဉ်သုံးပြက်လုံးနဲ့
မျှားခေါ်ခဲ့ ချော့ခေါ်ခဲ့ စစ်မြှူခဲ့ စစ်ခင်းခဲ့
ငါဟာ တည်ကြက်လေးပါ မအူမလည်လေးပါ မထင်မရှားလေးပါ
မရူးမကောင်းလေးပါ မသေမရှင်လေးပါ
မင်းအခင်းအကျင်းထဲမှာ သာယာနေသူပါ မင်းပါးချိုင့်လေးထဲက
မလွတ်မြောက်နိုင်သူပါ မဟာဗျူဟာမြောက် မိုက်မဲသူပါ
ငါ ဆီနဲ့ ကျည် ဖြည့်နေချိန်မှာ မင်းအလစ်ဝင်တိုက်ခဲ့တာ
ငါဟာ ပုလဲဆိပ်ကမ်းပါအချစ်ရယ်
ငါဟာ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံပါ အချစ်ရယ်
ငါဟာ နော်မန်ဒီကမ်းခြေပါအချစ်ရယ်
မှားယွင်းသော မှတ်တမ်းပေါ်က ထင်ရှားသောကြယ်တစ်ပွင့်ရှေ့မှာ
ငါ ဒူးထောက်မိပါတယ်။
ရင်မြေကတုတ်ဟာ ပွင့်လို့လန်လို့
သက်စွန့်ဆံဖျားချစ်မိတယ်
အသေအကျေချစ်မိတယ်။ ။

ကိုရွေး
(ကြည်လင်သောရေတံခွန် – ကိုရွေး။ မတ် – ၂၀၁၁။ Unity)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အဆင်မပြေခြင်းမီးခိုးများ

ချေဂွေဗားရားပုံ တီရှပ်အောက်က
လူငယ်တစ်ယောက်ရင်ထဲ
ဘယ်သူတွေများ ၀င်ကြည့်ဖူးပါသလဲ

လောကအပေါ် အစာမကြေသမျှ
ဦးထုပ် နောက်ပြန် ဆောင်းတယ်
ကဗျာရေးတယ်
သတ္တိဆိုတဲ့စာတန်းတက်တူးထိုးထားတယ်
သွေးစုနာတစ်လုံးလို စူထွက်နေတဲ့
ခေတ်ရဲ့ခံစားချက်တွေကိုတော့
ဂစ်တာတစ်လက်ထဲထည့်
ရိုက်ခွဲပစ်လိုက်တယ်
ဒီလိုပါပဲ
လူဆိုတာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်
သံသရာကိုလည်ပတ်
လမ်းထိပ်
ကွမ်းယာဆိုင်က ကောင်လေးလည်း အဆင်မပြေဘူး
ငါလည်း အဆင်မပြေဘူး
ကမ္ဘာလည်း အဆင်မပြေဘူး
ဆိုတော့
အဆင်မပြေဘူးပေါ့
ဆိုတော့
ဒါ အရသာပေါ့
သေခြင်းတရားကလွဲလို့
အရာရာ
အဆင်မပြေခြင်း မီးခိုးများသာ
တို့ဘ၀ တို့ကမ္ဘာ
နိုင်ရာစား ဥပဒေသတွေနဲ့
ဤကို ကျွဲလုပ်စီးတဲ့ခေတ်မှာ
ကျီးပေါင်းတက်နေတဲ့
ငါ့လက်ထဲက အမှန်တရား
ဘယ်သူမှ ဈေးဆစ်လို့ မရဘူး။

-ရိုးဒီ
ကလျာမဂ္ဂဇင်း

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

** ရည်စားစာ **

စာရွက်ပေါ်မှာပဲ နင့်ကိုချစ်နေရုံနဲ့တော့
ငါ့ဘဝက မင်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။

မပျံသန်းနိုင်တဲ့ငှက် လို့ ပြောတိုင်း
ပင်ဂွင်းငှက်ကို ပြေးမြင်ရင်
နင့်ကိုငါ မခေါ်ချင်ဘူး။

ကျောင်းအုပ်ကြီး ဖတ်ဖို့ရေးတဲ့စာမဟုတ်လို့
ကျောင်းသွားဖော်လေး ဖတ်စေချင်တာ
ငါ့စေတနာပါ။
နင့်နှလုံးသားကို နင်ဖုန်းခေါ်ပါ
ပြီးမှ ငါ့ကိုစာပြန်ပါ။

တာရာမင်းဝေ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အားပြိုင်ခြင်း နှင့် ၎င်း၏အလွန် . . .

အကြမ်းဖျဉ်းတော့ . . .
မင်း နဲ့ ငါ ပိုင်းခြားခြင်းက
မင်းပြောတဲ့ သစ္စာတရားပဲ။

``ဘာ…လောကကြီး မတရားဘူး။´´
``ဟုတ်လား…´´
``တရားခြင်း၊ မတရားခြင်းက မင်းရဲ့ အတ္တပါကွ´´

``ဟာ…ဖြစ်ပြန်ပြီ။
လူတွေက သစ္စာမရှိဘူး . . .ဟုတ်လား။´´
``မင်းစံနှုန်းနဲ့ သစ္စာမရှိဘူးလို့ ဆိုလိုတာလား . . .´´

``ဘာ…အမှန်တရားရှာမယ်…ဟုတ်လား´´
``ရော့. . .မီးအိမ်´´
``ရော့. . .တုတ်ကောက်´´
သူက ဟောဒီ ငါ့ရှေ့မှာ ပျောက်သွားတယ်

အကြမ်းဖျဉ်းတော့
မင်း နဲ့ ငါ ပိုင်းခြားခြင်းကမင်း နဲ့ ငါ ဖြစ်တယ်။ ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တီဘီကြည့်ခြင်း

ကျွန်တော့်အိမ်မှာ
တီဘီတစ်လုံးမှမရှိပါဘူး
ဒါပေမဲ့. . .
တစ်နှစ်နဲ့ ခြောက်လလုံးလုံး
ကျွန်တော်တို့မိသားစုအားလုံးထိုင်ကြည့်စရာ
အငယ်ဆုံးသမီးလေးမှာတော့
တီဘီတစ်လုံးရှိလေရဲ့
တီဘီအမျိုးအစားအမည်က
“အရိုးတီဘီ”တဲ့
အဲဒီ အရိုးတီဘီတစ်လုံးကို
အသည်းနှလုံးနဲ့နေ့စဉ်ထိုင်ကြည့်ရင်း
မြင်ကွင်းတွေကို အန်ချပစ်လိုက်တာ
မိဘမေတ္တာပဲပြန်အမ်းစရာကျန်တော့တယ်။ ။

နောင်ဝင်းထွန်း
(၂၀၀၇-မတ်-ရွှေသမင်)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကဗျာ ဖတ်ရခြင်း အကျိုးကျေးဇူး

ကဗျာတွေဖတ်ရင်း ကိုယ်ထမင်းကိုယ် စားခဲ့ကြပါတယ်
ကဗျာဖတ်တယ်ဆိုတာ ခေတ်ထဲကို တိုးဝင်ကြည့်တာပါ
ယခုလက်ရှိအခြေအနေတွေထဲက လူသားတွေအကြောင်းလဲသိရ
ဖြစ်ပျက်ပြီးခဲ့တဲ့နေ့ရက်တွေကိုလည်းသိရ
မှန်းမျှော်ကြည့်နိုင်တဲ့ အနာဂတ်ကိုလည်း သိရ
တစ်ယောက်တည်း ကဗျာဖတ်နေချိန်တွေမှာ
ကမ္ဘာက ကိုယ့်ရှေ့မှာ ပတ်ချာလည်လို့ ရှင်းလင်းလို့
စကားလုံးတွေကိုယ်စီက အတွေးထဲမှာ အလိုက်သင့်ရွေ့လျားလို.
ွဈာန်ဝင်စားမှုက မကောင်းမှုတွေမှန်သမျှ မေ့လျော့လို့
ကဗျာဆိုတာ ကိုယ်တိုင်တည်ဆောက်နိုင်တဲ့ ဘ၀ဇာတ်အိမ်
ကဗျာဆိုတာ လူတစ်ယောက်ရဲ့ လွတ်မြောက်ရှင်သန်မှု
ကဗျာဆိုတာ မသိစိတ်က လွင့်ထွက်လာတဲ့ အမှန်တရား
ကဗျာတွေဖတ်ရင်း ကိုယ့်စိတ်ကိုလည်းသိ ကိုယ့်အတိတ်ကိုလည်းသိ
ကဗျာတွေဖတ်ရင်း လူ့တန်ဖိုးကိုလည်းသိခဲ့ ယဉ်ကျေးမှုလည်း ရှိခဲ့
ကဗျာတွေဖတ်ရင်း ကမ္ဘာကိုလည်း ချစ်လာ လူဖြစ်ရခြင်းကိုလည်း ချစ်လာ
ကဗျာတွေထဲမှာ သူရဲကောင်းတွေ ရှိလို့ သူရဲကောင်း ဖြစ်ချင်ခဲ့တယ်
အမှန်တရားတွေရှိလို့ အမှန်တရား ဖြစ်ချင်ခဲ့တယ်
စာနာမှုတွေရှိလို့ ကိုယ်ချင်းစာတတ်ခဲ့တယ်
ကဗျာဖတ်တယ်ဆိုတာ ဘာသာစကားကို လိုက်စားရင်း
ဘာသာတရားဘက်ရောက်သွားတဲ့ အလယ်အလတ်လမ်းစဉ်
လူ့အဖြစ်ဟာ လွတ်မြောက်ရာတွေဆီ ရှင်သန်လို့ ။ ။
မြတ်ဝေ
သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း၊ အမှတ် ၃၀၊ မေလ၊ ၂၀၀၈၊ စာ-၁၆

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မည်သည့်အရာနှင့်မျှမသက်ဆိုင်သော

မင်းကိုချစ်ပြီးတဲ့နောက်
ကမောက်ကမပေါင်းများစွာကို
ဆုပ်ကိုင်ရတော့တာပဲ
ညပေါင်းများစွာကို ရင်းနှီးခဲ့ရ
လွမ်းဆွတ်မှုနဲ့လည်းကျွမ်းဝင်ခဲ့ရ
ချစ်သူများနေ့
မင်းရဲ့မွေးနေ့
ကိုယ်ရဲ့မွေးနေ့

နေ့ပေါင်းများစွာဘာမှမသက်ဆိုင်ဘဲနဲ့
မင်းနာမည်ကိုခပ်တိုးတိုးရွတ်ဆိုမိတာပေါ့
အသက်ရှင်နေထိုင်မှုကိုလည်းသတိမထားမိ
ကောင်းမှုမကောင်းမှုအားလုံးကိုလည်းလျစ်လျူရှုထားရ
ရှုးသွပ်လိုက်တဲ့သည်ကောင့်မှာ
မင်းအ့ပြင်နောက်ဘ၀မရှိတော့ပါ ။ ။

မြတ်ဝေ
( ဂန့်ဂေါ)
ရတီmagazine(11/07)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ညီမလေးနားလည်ပါ

ဒါမကောင်းဘူး ညီမလေးရဲ့ 

ကိုယ်ညီမလေးအပေါ်ထားတဲ့စိတ်နဲ့

ညီမလေးကိုယ့်အပေါ်ထားတဲ့ အရိပ်က

အစစအရာရာကနေ တစ်ခုလေးသွေဖီလေတော့

ကိုယ့်ဘဝ

မပြည့်စုံလေဘူး...

နှင်းမှုန် မိုးဖွဲ နွေဦးသစ်ရွက်တွေဝဲနေပြီ

ကိုယ့်ကဗျာတွေမှာတော့

ညီမလေး အရေးအသားလိုနေတုန်းပဲ

တစ်ဝက် တစ်ပျက်

ကိုယ့်အပြင် လူမရှိတဲ့ရက်တွေထဲ

မြတ်နိုးရနံ့ တွေ သွေးပျက်ဖွယ်

ကိုယ် စဉ်းစားကြည့်မိတယ်

ညတိုင်း.... ဘ၀တိုင်း

ညီမလေးရဲ့  နေထိုင်မှုမှာ ပျော်ဝင်ဖို့

ဆိုတာထက်

ပိုပြီးလေးနက်စေချင်တာပါ

ချစ်ခြင်းနဲ့ မေတ္တာကို ထပ်တူကျစေချင်တာပါ

ကိုယ့်ပခုံးလေးမှာ လှိုက်လှိုက်လေးကြည်နူးစေချင်တာပါ။    ။    မြတ်ဝေ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ညီမလေးက မသိတတ်ဘူး

ပြောလိုက်တိုင်း ပြောလိုက်တိုင်း
မျက်လုံးလေးက ဝေ့၀ိုက်လည်လို့
ကျွန်တော့ညီမလေးက ဘာသာစကားသင်ခါစ
ဘ၀ လောက လူ့သဘာဝ သံသရာ
ညီမလေးကအဓိပ္ပာယ်တွေ နားမလည်တော့
ကျွန်တော့်ကို ခဏခဏမေးခွန်းထုတ်တယ်
ပျော်စရာဆိုတာ ညီမလေးရှာမရတဲ့ ဘာသာဗေဒလား
ဝေဒနာဆိုတာ ညီမလေးအသားကျနေတဲ့ အက္ခရာတွေလား
ဒုက္ခဆိုတာ ညီမလေးသုံးနေကျ ဗျည်းသရတွေလား
ကျွန်တော်ကလည်း သိပ်ချစ်တော့မဖြေရက် မဆိုရက်
မထိရက် မကိုင်ရက်
ရယ်စရာတွေပဲ လှည့်ပတ်ပြောနေခဲ့တာ
ခုမှစဉ်းစားမိလာတယ်
ကျွန်တော်မပြောခဲ့တဲ့ အနေအထားက
ညီမလေးကို တစ်ရစ်ပြီးတစ်ရစ် ၀ိုင်းရံလို့
ကျွန်တော့်ခန္ဓာကိုယ်မှာ ရုပ်နဲ့ နာမ်ဟာခွဲခွာလို့
ကြောက်ရွံ့ခြင်းက သွေးလိုစီးဆင်းလို့
ကျွန်တော်စိတ်ကျ ရူးသွပ်နေတုန်း
ကျွန်တော် ပြောသမျှ အတွေ့အကြုံတိုင်းကို
ညီမလေးက မသိတတ်ဘူး။


                                              မြတ်ဝေ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရင်မခုန်တတ်ဘူး


မိန်းမတွေထက်သစ္စာရှိတဲ့ရမ်
စီးကရက်နဲ့
မောင်ချောနွယ်လို အရက်သောက်တတ်သူ
ကဗျာချစ်သူ
ဖုန်ခါတဲ့လက်နဲ့
မျက်တောင်ခတ်ပြီး
ပိုးကောင်ကိုခါချလိုက်ပြီ
ဘယ်လိုပြောရမလဲ
ဘာသာစကားမလုံလောက်မှုမှာ
အသည်းကွဲခြင်းဟာ မလုံလောက်တော့
ခေါင်းခါ မျက်လုံးပင့်
ညီလေးရေ...
သွားယူတော့ကွယ်
မလောက်မငှနဲ့ နေထိုင်ရခက်မှုမှာ
ဘာမှမသိသေးတဲ့ ဘ၀ထဲတန်းစီရတော့မယ်
သေခြင်းတရားနဲ့
ငါတို့ဖက်ပြိုင်လို့ တော်ပြီ။
                   ကဗျာစာသား-မြတ်ဝေ
                   ကဗျာစပ်သူ-လင်းဆက်နောင်
                        ၂၀၀၆

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“နေကောင်းလားကောင်းကြီး”ကဗျာရှည်မှ


ငါငိုနေတယ်ကောင်းကြီး
ငွေကြေးအတွက် မဟုတ်
ကျော်ကြားမှုအတွက် မဟုတ်
ဂုဏ်ဒြပ် ရုပ်ဝတ္တုပစ္စည်းတွေအတွက်လည်း မဟုတ်
ချစ်ခြင်း၊မုန်းခြင်း၊ဆုံးရှုံးခြင်းတွေအတွက်လည်း မဟုတ်ပါဘူး
ငါငိုနေတာ
အရွက်ဖုံးခံထားရတဲ့ ရိုးတံညှာလေးအတွက်
ကြိုးမရှိတော့တဲ့ စက္ကူစွန်လေးအတွက်
လျှပ်ပေါ်လော်လီမှုကို ရှေ့တန်းတင်ထားရတဲ့
ဟော့ဒီခေတ်ကြီးအတွက်
ချစ်သူကိုပေးရမယ့် အနမ်းကို
တခြားသူဆီပေးလိုက်ရတဲ့ မြို့ကြီးအတွက်
အသက်မပြည့်ခင် ရောင်းစားခံရတဲ့
မြို့စွန်မြို့ဖျား နောက်ဖေးလမ်းကြားရပ်ကွက်လေးတစ်ခုအတွက်
သစ်သားဆုတံဆိပ်ကလေးတစ်ခုနဲ့ နှစ်သိမ့်ခံထားရတဲ့
လူတော်လေးတစ်ယောက်အတွက်
မင်္ဂလာဒုံစက်မှုဇုံထဲက အခြေခံအလုပ်သမားလေးတွေအတွက်
ငါငိုနေတယ်ကောင်းကြီး
ငါတို့ခေတ်မှာ ငါတို့ရလိုက်တာ
အဲဒီမျက်ရည်တွေပါပဲ ကောင်းကြီး။

ကောင်းကြီးရေ . . .
လေယာဉ်ပေါ် ပါသွားတဲ့ မင်းနှလုံးသားကိုပြန်သိမ်းထား
(Brain Drain တင်မဟုတ်ဘဲ
Heart ပါ Drain သွားတာကတော့ ငါလည်းစိတ်မကောင်းဘူးပေါ့)
အနေကြာလာတော့လည်း နေကြာတွေလို
နေလာရာအလိုက်သင့် မျက်နှာမူတတ်သွားမှာပါ. . .
တစ်ချိန်ကငါ့အမှောင်ညတွေရဲ့ လျှပ်စီးအလင်းလေးဟာ
အခုတော့ ငါ့ကောင်းကင်မှာ အသာဆုံးလမင်း
‘မီ’ကိုမင်းလွမ်းသလို
ငါမင်းကို တဖွဖွလွမ်းလိုက်ပါတယ် . . .။

ကောင်းကြီးရေ . . .
ဘာရယ်လို့တော့မဟုတ်ပါဘူး
တချိန်ကျ သေမင်းနှုတ်ခမ်းဝ
ငါတို့လည်းရောက်ရမှာပဲလေ. . .
အခြေအနေရှိမယ်ဆိုရင်တော့
မင်းနဲ့ငါအတူတူ
‘အမှိုက်မပစ်ရ’ ဆိုင်းဘုတ်လေးပဲဖြစ်ဖြစ်
စိုက်ထူချင်သေးတယ်
ငါတို့မျှော်လင့်ချက်ဟာ
ဒီလောက်တော့ သိမ်ငယ်ခွင့်ရှိတယ်မဟုတ်လား
မင်းနေကောင်းရဲ့လား ကောင်းကြီး ။           
မင်းစိုးရာ
ပိတောက်ပွင့်သစ်မဂ္ဂဇင်း
“နေကောင်းလားကောင်းကြီး”ကဗျာရှည်မှ


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကဗျာနဲ့ရေးတဲ့ PORTRAIT

လင်းသဏ်ညီ – ။
ဆံပင်ရှည်တယ်၊ စိတ်ရှည်တယ်၊
လက်ရေးနဲ့ကဗျာရေးတယ်။ ကင်းဘတ်စ်ကို ပိရမစ်ပုံလုပ်ပြီး
ပန်းချီဆွဲတယ်။ မကြာခဏ ခရီးသွားတယ်၊
အရာရာကို အမှတ်တရရှိတယ်၊
အောင်ပိုင်စိုး – ။
အရပ်ရှည်တယ်၊ ဆံပင်ရှည်တယ်၊
ဘောင်းဘီဝတ်တယ်၊ စကားပြောမြန်တယ်၊
အကြောင်းအရာများတယ်၊
အဝင်/အထွက်ကြမ်းတယ်
ကိုယ်ပိုင်အရည်အသွေးနဲ့ ရပ်တည်ချင်စိတ်ရှိတယ်၊
ဧဇံ – ။
အတည်လား၊ အနောက်လား
မကွဲပြားဘူး၊ လူအများကြီးကြားမှာ
တွေ့ရတတ်တယ်၊ စကားအများကြီးပြောတယ်၊
ပျော်ရွှင်သူဖြစ်တယ်၊
စိုင်းဝင်းမြင့် – ။
ချိန်ဆပြီးပြောတယ်၊
ထိရောက်အရှိန်ပြင်းတယ်၊
ကမ္ဘာကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်အောင် ဝေဖန်တတ်တယ်၊
ကလေးမျက်နှာရှိတယ်။ လက်ကိုင်ဖုန်းရစက
လူမမြင်အောင် လျှို့ဝှက်ထားတယ်၊
မောင်ဖီလာ – ။
အကုန်လုံးတည်တည်တံ့တံ့လုပ်တယ်
ဣနြေ္ဒအပျက်မခံဘူး
လူသားဆန်တယ်၊ အဆင်မပြေရင်ပျက်ရယ်ပြုတယ်
ကမ္ဘာကိုသိတယ်၊
ဘိုဟီးမီးယန်းစတိုင်ရှိတယ်၊
ငုအိမ်ထက်မြက် – ။
အင်္ကျီလက်ရှည် လက်ဖျားထိ
ကြယ်သီးတပ်ဝတ်ပြီး
ရင်ဘတ်ဟပြဲနဲ့
အလျင်စလိုနိုင်တယ်
ကဗျာကို ဆန်းဆန်းပြားပြားရေးတတ်တယ်
လမ်းအလွန်လျှောက်တယ်၊
ထွန်းဝေမြင့် – ။
အရပ်ရှည်လွန်းတော့ ဝတ်ထားတဲ့ဂျင်းဘောင်းဘီက
ခြေဖျားမရောက်ဘူး၊
မျက်မှန်တပ်တယ်၊
ကောက်ကြောင်းနည်းနည်းပဲသုံးပြီး ပုံဆွဲတယ်၊
စားဝတ်နေရေးဂရုစိုက်တယ်၊
ကဗျာကို ‘စတိုင်ယာ’ရောပြီးရေးတယ်
အရှိန်ပြင်းပြင်းရွတ်တယ်၊
ဝိုင်ချို – ။
အချစ်ကဗျာအရေးကောင်းတယ်၊
အရက်သောက်ဖို့ ဇွဲရှိတယ်၊
ရုံးတက်ချိန်မှာ တခြားနေရာရောက်နေတာ
ပျော်တဲ့ အယ်ဒီတာ။
တစ်စုံတစ်ခုကို ကြောက်ရွံ့နေပုံမျိုးနဲ့
လုပ်ချင်ရာဇွတ်လုပ်တတ်တယ်၊
အောင်ရင်ငြိမ်း – ။
ကဗျာကိုလံဘတ်၊
ကဗျာ အသေခံဗုံးခွဲသမား၊
စစ်သားဆန်ဆန်ရင်ဆိုင်တတ်တယ်။
စိတ်ကြွဆေးမသုံးဘဲ အမြဲစိတ်ကြွနေတယ်။
မိုးဝေး – ။
ကျွန်တော်နားလည်တယ်၊
ကျွန်တော် နားမလည်ဘူး
လူဆန်း – ။
ပြင်သစ်စကားပြောတယ်
ဘာတွေအသစ်ရပြီလဲ မေးတတ်တယ်
ကိုယ်တိုင်မော်တော်ကားမောင်းတယ်
ကဗျာကလွဲပြီး/ ကျန်တာရှော့(ခ်)ရှိတဲ့ပုံ
ချဉ်းကပ်ဖို့မလွယ်/ လူထူးလူဆန်းတစ်ယောက်၊
မင်းထက်မောင် – ။
နိုင်ငံတကာဆန်အောင် နေတယ်
နိုင်ငံတကာဆန်အောင် ပြောတယ်
နိုင်ငံတကာဆန်အောင် ရေးတယ်
ကဗျာကို မသယ်နိုင်လောက်တဲ့အထိ
အလေးချိန်များအောင်ရေးတယ်
မောင်စိမ်းနီ – ။
စာပေစစ်စစ်အယ်ဒီတာ၊
စိမ်းတယ်/ နီတယ်
ဘာမဆိုအကုန်တော်လှန်တယ်
ချစ်စရာကောင်းအောင်ဆဲတယ်၊
မင်းသမီး အင်ဂျလီနာဂျိုလီလို
လူမှုရေးလုပ်တယ်၊
ဝင်းမောင် – ။
ဗိုလ်ချုပ်အောင်ဆန်းမျက်နှာနဲ့တူတယ်၊
စိတ်တိုတယ်၊ အစုအဆောင်းကောင်းတယ်။
ကဗျာအလုပ်ကဆယ်စုနှစ်သုံးခုစာလောက်လုပ်ခဲ့ပေမယ့် လူမသိ
ဗေဒင်အလုပ်က လေးငါးနှစ်နဲ့ လူသိ-ဟု မှတ်ချက်ပေးသူ
ဥတ္တရာအောင် – ။
တောင်ပေါ်/ တောင်အောက်ကိစ္စ
အလေးအနက်ထားတယ်၊
အိတ်ထဲမှာ ‘ဘုရားသခင်’ကို ထည့်ပြီးသွားတယ်၊
ပြုပြင်ရေးစိတ်ဓာတ်ကဲတယ်၊
ကိုယ်ပေါ်မှာ တံဆိပ်မျိုးစုံတွေ့ရတယ်။
ဆံပင်စည်း၊ နားကွင်း၊ ဆေးမှင်ကြောင်၊
အရိုးခေါင်း လည်ဆွဲ၊ အကုန်လုပ်တယ်
ကေမျိုးငြိမ်း – ။
မဟုတ်မခံ တုံ့ပြန်တတ်တယ်
ပိုင်းခြားနားလည်တတ်တယ်
အမှားမြင်တတ်တယ်
စကားကို ပြတ်တောင်းပြတ်တောင်းပြောတယ်
အုပ်စု/ ဂိုဏ်းဖွဲ့ကိစ္စ လက်မခံ
တစ်နေရာနဲ့တစ်နေရာ သွားလိုက်/ လာလိုက်
ခိုင်မြဲကျော်စွာ – ။
တကယ့် GENTLEMAN
ဘာရေးရေး တရားကိုလက်မလွှတ်
မိသားစုကို အလေးထားတယ်
သပ်သပ်ရပ်ရပ် နေထိုင်တယ်
စကားပြော ညင်သာနူးညံ့တယ်
တစ်ဖက်သားကို နားလည်ညှာတာအားပေးတယ်
အေမွန် – ။
သေးသေးကွေးကွေးပေမယ့် လက်ဆွဲနှုတ်ဆက်တဲ့အခါ
အားထည့်တာ တွေ့ရတယ်၊
အမေရိကန်အင်ဒီးယန်းလေးတစ်ယောက်ကို မြင်ရသလို
လွတ်လပ်တယ်
ဝင်းသူရ – ။
အယ်ဒီတာဆန်တယ်
မောင်လင်းယုန်(ရှမ်းပြည်) – ။
ယက်တူရှင်ကိုနဲ့ တွေ့ဆုံဖူးတယ်
ဆေးလိပ်အမျိုးအစားမရွေး မီးခိုးမတိတ်အောင်သောက်တယ်
စူးစမ်းလိုစိတ်ကြောင့် တစ်ယောက်ယောက်က အမြဲပြန်
ရှင်းပြနေရတယ်။
TRANSLATOR၊ TUTOR၊
‘နောက်ဆုံး လင်းယုန်ငှက်တစ်ကောင်’အနေနဲ့
အိုမင်းတဲ့အထိ ပျံသန်းဆဲ
ကောက်နွယ်ကနောင် – ။
ကဗျာနဲ့ဝိညာဉ်လောက
နှစ်လောက နေထိုင်တယ်၊
လူတစ်ယောက်ထက် စီးကရက်တစ်လိပ်၊ မုန့်တစ်ခု၊
လက်ဖက်ရည်တစ်ခွက်နဲ့ပဲ အဖော်ပြုထိုင်နေတတ်တယ်။
ရုံးခန်းကိုတက်တဲ့လှေကားဟာကောင်းကင်ဘုံကို
တက်တဲ့ လှေကားလို
အေးစက် တိတ်ဆိတ်ရှည်လျားမည်းမှောင်နေတယ်
ဝင်းမြင့် – ။
စကားနည်းတယ် စာများတယ်
အမှုန်အမွှားကင်းစင်တဲ့ လူတစ်ယောက်ပါပဲ
ငြိဏ်းဝေ – ။
PERFORMANCE ကောင်းတယ်
ဆွေးနွေးညှိနှိုင်းစိတ်များတယ်
NEW DIRECTION ရှိတယ်
စကားလုံးတွေကို လွတ်လွတ်လပ်လပ်ထားတယ်
စကားလုံးတွေကို လွတ်လပ်ခွင့်ပေးလွန်းလို့
တစ်ခါတစ်ရံမှာရေးထားတာ မသပ်မရပ်သလို ဖြစ်တတ်တယ်။
ကဗျာကို ကမ္ဘာနဲ့ဆက်စပ်ပေးနိုင်တယ်
ဆရာဝန်ပုံစံရှိတယ်
ကိုဘုန်း – ။
ကဗျာတစ်ဝက်- ဂစ်တာတစ်ဝက်-
အိပ်မက်နဲ့တူတဲ့ မျက်လုံးတွေရှိတယ်
ဦးထုပ်တစ်လုံး အမြဲဆောင်းထားတယ်
လွန်းဆက်နိုးမြတ် – ။
နွေဦးရာသီတစ်ခုမှာ ဂျုံရိုးနဲ့ရက်လုပ်ထားတဲ့
ခမောက်တစ်လုံးဆောင်းလာဖူးတယ်
ဂျင်းပင်ဝတ်ပြေပြစ်တဲ့ လူငယ်တစ်ယောက်
ကိုယ့်သဘောထားကို အထိပါးမခံဘဲ ညင်ညင်သာသာ
တင်ပြတတ်တယ်၊
ကောင်းကင်ရဲ့အပြာရောင်လိုငြိမ်းချမ်းသူ
နီမျိုးထက် – ။
ကမ်းထရီးဆံပင်နဲ့ စီးကရက်နဲ့
လေသံဝဲဝဲ
နှေးနှေးကွေးကွေး
ခရမ်းပြာထက်လူ – ။
စကားလုံးပြင်းပြင်းထန်ထန်တွေသုံးတယ်
စာသားများများရေးတယ်၊ ကူညီတတ်တယ်၊
နည်းနည်းပြောခြင်းနောက်မှာ များများပြောခြင်းတွေ့ရတယ်
တစ်ခါတလေ စတိုင်ကျကျ
တစ်ခါတလေ ဖရိုဖရဲ။
တိုးနှောင်မိုး – ။
ရေးထားတဲ့ စာရွက်အနားစတွေကို မီးရှို့ပြီး
မဂ္ဂဇင်းတိုက်ကိုပို့တယ်
မြစ်ထဲမှာ ကဗျာတွေရှိတယ်ဆိုပြီး ဓာတ်ပုံလိုက်ရိုက်တယ်
အလောင်းကောက်တယ်/ ဂျစ်ပစီလုပ်တယ်
မောင်လင်းရိပ် – ။
အနက်ရောင်လက်ဆွဲအိတ်တစ်လုံးပါတယ်
RADIO/ INTERNET/ WEBSITE တွေ စိတ်ဝင်စားတယ်
တိုးတိုးတိတ်တိတ်ရှိပြီး
အရှေ့တိုင်း အတွေးအခေါ်ကဲတယ်
ကဗျာကို လူထုဆီရောက်ဖို့ အမြဲနည်းလမ်းရှာနေတယ်
သျှီသူအောင် – ။
ကဗျာဆရာတွေကို
‘ကောင်းကင်ဘုံမှာနေထိုင်သူ’နဲ့
‘ငရဲဘုံမှာ နေထိုင်သူ’လို့၊ နှစ်မျိုးခွဲရင်
သူ့ကို ‘ကောင်းကင်ဘုံ’မှာ နေထိုင်သူလို့
ပြောရပါလိမ့်မယ်
စိုးမင်းအောင် – ။
ရန်ကုန်မြို့ရဲ့အလယ်ခေါင်တည့်တည့် နေထိုင်တဲ့သူ
တစ်ဖက်တည်း ကင်းမြီးကောက်နားကပ်နှစ်ခု
မျက်လုံးတစ်လုံး ပြန်လည်ပြုပြင်ထားရ
တစ်ခါက မော်တော်ကားတစ်စီး အရှိန်ပြင်းပြင်း ဝင်တိုက်တာခံရသူ
နားထဲမှာ အသံတွေကြားနေရတယ် လာပြောသူ
ဘုရားသခင်
တွေ့တိုင်းလည်း သူနဲ့ကျွန်တော့်ကြား ဘုရားသခင်
မောင်ဒေး – ။
ဘာသာပြန်တယ်၊ အားရင်အိပ်တယ်၊
အယ်ဒီတာလုပ်လိုက်/နားလိုက်၊
တစ်ခါတလေ ထီးကောက်နဲ့၊
COMPUTER – INTERNET သုံးစွဲမှုနဲ့။
တီရှပ်အနက်များ၊
ဂျာနယ်တစ်ခုလုပ်တုန်းကလည်း စာမျက်နှာတွေအနက်
တစ်ယောက်တည်း တွေ့-တွေ့တတ်တယ်
တီကျူး – ။
‘လူပိန်များရဲ့ကလပ်’ဖွဲ့ဖို့တိုက်တွန်းဖူးတယ်
နောက်ပိုင်း ပန်းချီဆရာဖြစ်သွားတယ်
လူဟာ ပန်းချီကားထဲကပုံစံအတိုင်း
ချမ်းမင်းအိမ် – ။
ဘောင်းဘီနဲ့ ဂိုက်ဆိုက်ကောင်းတယ်
ကုမ္ပဏီပုံပေါက်တယ်
အယ်ဒီတာလုပ်ရတာ ဝါသနာပါတယ်
သီချင်းတညည်းညည်းနဲ့။ အပေါ်ယံကြည့်ရင်
လူ့ဘဝကို အပျော်တမ်းနေထိုင်
နေတဲ့ပုံလို့ ထင်ရတယ်
သစ္စာပိုင်စိုး – ။
အမြဲတမ်းအထီးကျန်၊
လျှို့ဝှက်နာကျင်နေတဲ့ပုံမျိုး
ပြေမြင့် – ။
စစ်သားဆံပင်ပုံစံနဲ့၊ သောကမျက်နှာနဲ့၊
ရှေ့လကတွေ့တော့ ‘ကျွန်တော်
အလုပ်လုပ်တော့မယ်’လို့ ပြောတယ်။
အသက် ၄၆/၄၇ လောက်ရှိပြီ
ဘုန်းနေသွန်း – ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့၊
ပိန်ပိန်ရှည်ရှည် ခေတ်လူငယ်တစ်ယောက်။
တာဝန်ထမ်းဆောင်ချိန်ထဲကနေ ထုတ်လုပ်နိုင်ခဲ့တယ်၊
အနည်းငယ်အေးစက်တာနဲ့ ပြတ်သားတာရှိတယ်
ကြည်ဇော်အေး – ။
ကဗျာကို ရွှေလို့သဘောထားတယ်
တစ်ခုချင်းတူးဖော်ရောင်းချတယ်
ကုန်သွားရင် မရေးပဲနေတယ်။
နည်းနည်းအန္တရာယ်ရှိတယ်
မောင်သင်းခိုင် – ။
နွေးထွေးကြိုဆိုတယ်
နိုင်ငံတကာစံကိုသိတယ်၊ အရက်ကိုချစ်တယ်၊
အဖွဲ့လိုက်နေတယ်။
တစ်ခါက အထပ် ၂၀ ကိုဆင်းဖို့ ဓာတ်လှေကားထဲ
ကဗျာဆရာတွေ ဆန့်သလောက် ခေါ်ထည့်နေလို့
အစောင့်က အတင်းပိတ်ပြီး လွှတ်ချလိုက်တယ်
စန်းဦး – ။
ဟောလီးဝု(ဒ်)ရုပ်ရှင်ထဲက ဇာတ်ကောင်
တစ်ကောင်လို အေးစက်စက်အကြည့်ရှိတယ်၊
တစ်နှစ်တစ်ကြိမ် ခမ်းခမ်းနားနား ညစာကျွေးပြီး
ဗန်ဂိုးရဲ့ ပန်းချီကားတွေ လက်ဆောင်ပေးသူဖြစ်တယ်
DIGITAL ART, SHORT VIDEO အပြင်
စာအုပ်ထုတ်ဝေသူ၊ ပိုင်ရှင်
လူအိမ် – ။
များလာရင် ကမ္ဘာပေါ်မှာ
သူစကားပြောရမယ့်သူ နှစ်ယောက်ပဲရှိတယ်လို့၊
ကြွေးကြော်တတ်တယ်လို့၊ ကြားဖူးတယ်။
တစ်ယောက်က ‘အမေရိကန်သမ္မတ’
တစ်ယောက်က ‘ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်’
နိုင်မွန်အောင်သွင် – ။
အနက်ရောင်လယ်သာဂျာကင်နဲ့
မော်တော်ဆိုင်ကယ်သမားအဖြစ် တစ်ခါပဲတွေ့လိုက်ရတယ်။
လူက ကျစ်ကျစ်လျစ်လျစ်ရှိပေမယ့်၊
သူ့စာကြောင်းတွေက သူ့ခရီးလိုပဲ လမ်းကြောင်းရှည်တယ်၊
ဝက်ဝံတစ်ကောင်ကို ကိုင်လှဲချနိုင်တဲ့ အေးခဲတဲ့ ဒေသကနေ
ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ဖို့ကြံစည်နေတယ်
နေမျိုး – ။
ဘုရားသခင်ဟာ
ကမ္ဘာဂြိုဟ်ကို စူးစမ်းဖို့
ဂြိုဟ်သားတစ်ယောက်လွှတ်လိုက်တယ်။
အင်မတန်ရိုးသားတဲ့အမြင်နဲ့
အဆန်းပြားဆုံးတွေကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့သူ၊
လူစုလူဝေးကို ရှောင်ပြီးနေတတ်တယ်
အောင်ချိမ့် – ။
စကားလုံးအနည်းဆုံးနဲ့
အထိရောက်ဆုံးရေးနိုင်သူ၊
ပါးစပ်က တစ်လုံးပြော တစ်လုံးကဗျာ ဖြစ်နေသူ၊
‘ဟန်’ကိုအများဆုံး တုပခံရသူ၊
‘ခေတ်ပေါ်ကဗျာရဲ့ ဘုရားသခင်’လို့ တင်စားခံရသူ
အသားညိုညိုအရပ်ရှည်ရှည်နဲ့
ခြောက်သွေ့ပုံရပေမယ့်၊ လေးနက်မှုတွေ
ကြောက်စရာကောင်းအောင် စိုရွှဲနေသူ
ဇေယျာလင်း – ။
ဘာသာပြန်ရာကနေ၊ ဘာသာစကားကိုတွေ့ရှိသွားပြီး၊
ဘာသာစကားကို အားပြုရေးတဲ့ ‘ဘာသာစကားကဗျာ’ဆိုတာကို
ဦးဆောင်ရေးသားခဲ့သူ။ နောက်ပိုင်း ဘာသာစကားကဗျာနဲ့
ပတ်သက်သမျှ – ရေးသား၊ ပြောဆို၊ ဆွေးနွေး၊ သုတေသနပြု၊
ပို့ချ၊ ဖြန့်ချီ၊ ကာကွယ်၊ တုံ့ပြန်၊ အလုပ်အားလုံး အကုန်
လုပ်နေသူ။
ပိုင် – ။
ကွန်တော့်အကြောင်းကို
အထက်လူတွေပြောချင်ပြောပါလိမ့်မယ်
ဒါမှမဟုတ်၊ မပြောဘဲနေပါလိမ့်မယ်
၃-၁-၂၀၀၉ စနေနေ့၊ ညနေ ၃း၄၀ နာရီ
ပိုင်
နွယ်နီမဂ္ဂဇင်း၊ မေ၊ ၂၀၀၉

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“စာဖတ်တတ်သူအားလုံး ဖတ်ဖို့၊ စာမဖတ်တတ်သူ အားလုံး ကြားဖို့၊ မြင်သလို သိသလို အရင်းအတိုင်း ရေးသည်”

ဒီမှာ
ကမ်းနားသစ်ပင်ဆိုတာ
အမြစ်မကျွတ်ခင် အရာဝင်တာပါ

သစ္စာမဲ့သူအတွက် သစ္စာဖောက်သူတွေဟာ
သူ့ဝမ်း သူကျောင်းပြီး
သူ့လမ်း သူသွားတယ်ဆိုပေမယ့်
တစ်မိုးအောက်ထဲမှာဆိုတော့
မတွေ့ချင်ပေမယ့် မြင်နေရတတ်တယ်
မြင်တဲ့အခါ ကျောခိုင်းလိုက်ပါ
နောက်ပြီး "ငယ်စားရင်း" ဖျက်လိုက်ပါ
ဒါဟာ...တရားမျှတတဲ့ အလုပ်တစ်ခုပဲဖြစ်တယ်

                                     ကဗျာဆရာ မောင်စိမ်းနီ(သူငယ်ချင်းသို့ ချစ်ခြင်းများစွာ ကဗျာမှ)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တစ်နေ့မှ မေ့မရသူလေးသို့

လူတစ်ယောက်မှာ
သူ့အကြောင်း ဒဏ္ဍာရီတစ်ခု
ရှိသင့်တယ်မဟုတ်လား။

အရာရာဟာ
မြေကြီးပေါ်တုတ်ချောင်းနဲ့ရေးခြစ်ထားသလို
ဖြစ်လွယ် ပျက်လွယ်တွေချည်းပါပဲကွယ်။

မင်းတစ်ဘဝလုံး ကြေကွဲကျန်ရစ်ရအောင်ဆိုပြီး
ငါ့ကိုယ်ငါလည်း အဆုံးမစီရင်ရဲ
ဒါဆို
သေနတ်ပြောင်းထဲ ချောင်းကြည့်ရင်း
ခလုပ်နှိပ်မိတဲ့လူတစ်ယောက်လို့
လူတွေ ပြက်ရယ်ပြု ကျန်ရစ်ကြမှာပေါ့
ငါ့ရဲ့ အကောင်းဆုံးကို ငါလုပ်မပြီးသေးသမျှ
ဘယ်အရာပေါ်မှာမှ
ငါ့ကိုယ်ငါ မပုံခဲ့နိုင်ဘူး။

ငှက်တစ်ကောင်ဟာ
ကောင်းကင်တစ်ခုတည်းမှာ နှစ်ခါပျံသန်းနိုင်ဖို့
နေမင်းကြီးကို တစ်ကြိမ်ပတ်ရတယ်။

တစ်နေ့မှ မေ့မရသူလေးရေ
သည်တစ်ညနေခင်းလေးပဲဖြစ်ဖြစ်
အကောင်းအတိုင်း ထင်ကျန်ရစ်ဖို့
တောင့်ခံထားရသူပါ။

ငါက ဂျူးလိယက်ဆီဆာလိုပဲ
ကိုယ့်ရန်သူတွေရဲ့ စာရင်းကို မှတ်မထားတတ်ဘူး။

ကိုယ်နာမည်ဘယ်သူတုန်းရယ်လို့
ကိုယ့်ဟာကိုယ် ပြန်မေးရတဲ့ အခါမျိုးတွေမှာတော့
သေနတ်ပြောင်းထဲ ချောင်းကြည့်မိပြန်ရဲ့။

မင်းဖို့ ဒဏ္ဍာရီတစ်ခုပေါ့ကွယ်။ ။
                                   ပိုင်စိုးဝေ
                                   ကလျာမဂ္ဂဇင်း
                                   ဒီဇင်ဘာ၊ ၁၉၉၇

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

It's Love

မြင်တယ်
ဒါပေမယ့်... ဖမ်းဆုပ်လို့မရဘူး...။
သိတယ်
ဒါပေမယ့်...ဆွဲကိုင်ပြလို့မရဘူး...။
ကြားတယ်
ဒါပေမယ့်...ဘာသာပြန်လို့မရဘူး..။
အမြင်-အသိ-အကြား
အားလုံးပေါင်းပုံဖော်တဲ့အခါ
ဒါ...အချစ်ဆိုတာတဲ့လေ....။
နွေနှင်း

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အဓိပ္ပါယ်ဖွင့်ဆိုချက်

အချစ်ဆိုတာ
အမြစ်မရှိတဲ့ သစ်ပင်
ရေမရှိဘဲစီးတဲ့ မြစ်
ကြယ်မကြွေဘဲလှတဲ့ ည

အချစ်ဆိုတာ
ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း
အမှန်တရားကို လိမ်လည်ခြင်း
ဒဏ်ရာတွေနဲ့ အယားဖြေခြင်း

အချစ်ဆိုတာ
ဖိနပ်မပါတဲ့ ခြေထောက်
ချိုင်းထောက်မရှိတဲ့ ဒုက္ခိတ
ပန်းပွင့်မရှိတဲ့ ဥယျာဉ်
အချစ်ဆိုတာ
................
.................
ဖွင့်ထားတဲ့ရင်ခွင် ထဲက
ပိတ်ထားတဲ့ တံခါး။

  လင်းစက်ရာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကျိန်စာမိခဲ့တဲ့ ဥတု တစ်ခုအကြောင်း

ချစ်မိသူဟာ အရှုံးတဲ့
စိန်ခေါ်မှုတောင် မစခဲ့ရသေးပါဘူးကွယ်
ပဏာမ ခြေစစ်ပွဲမှာကတည်းက
အနီကဒ်ထိပြီး
စည်းဝိုင်းအပြင် ရောက်ခဲ့ရတယ်..

ငါ
စောဒက မတက်ခဲ့ပါဘူး
တိတ်တိတ်ဆိတ်ဆိတ်ပဲ
စည်းအပြင်ဘက် ထွက်ရပ်ပေးခဲ့တာပါ
မတတ်နိုင်ပါဘူး ချစ်သူရယ်
ငါ့ ကြမ္မာတွေကိုက
(နင်နဲ့ပတ်သတ်ရင်)
အဖန်တစ်ရာ ငင်ချင်နေကြတယ်..

ဒီလိုနဲ့ ငါ
စည်းဝိုင်းထဲ
( မသိလိုက်မသိဖာသာနဲ့)
နောက်တစ်ကြိမ်
ပြန်ရောက်ခဲ့ပါသေးတယ်
တက်တက်ကြွကြွ
အကောင်းဆုံးကပြဖို့ ဟန်ရေးပြင်တုန်း
အ၀ါရောင် သင်္ကေတ တစ်ခု
ငါ့မျက်နှာရှေ့ အလံလာထူသွားတယ်
ငါ လူကျွံနေခဲ့ပြန်ပြီတဲ့..

ချစ်သူရေ..
(အခုတော့လဲ)
ငါဟာ ပွဲကြည့်ပရိတ်သတ်ပါကွယ်
နင်ခြေစွမ်းပြလေသမျှ
ရင်သပ်ရှုမော
ဒုတိယပိုင်းတောင် ပြီးတော့မယ်
ငါကတော့
ရင်ခုန်ကောင်းဆဲ
မျှော်လင့်ဆဲ..........

ဇော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မုန်းမရ

မကြားချင်ခဲ့တဲ့….
နှုတ်ဆက်စကား
မလိုချင်ခဲ့တဲ့…
စိမ်းကားမှု
မမေ့ချင်ခဲ့တဲ့..
အမှတ်တရတွေနဲ့
မမုန်းချင်ခဲ့တဲ့..မင်းက
ငါမုန်းတီးတဲ့
နှုတ်ဆက်စကားပြောပြီး
ငါမလိုချင်တဲ့စိမ်းကားမှုတွေပေးကာ
ထွက်ခွာသွားတော့လဲ
မမုန်းရက်တဲ့မင်းကို
မေ့ဖို့ကြိုးစားရတာ
ငါ..နာကျင်လှပြီကွာ….(heartless girl)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

   ကျတော့်၏ ဘလော့လေးအား မူရင်းဘလော့များမှ ကျွန်တော် ကြိုက်နှစ်သက်သော ကဗျာများ အက်ဆေးများ ၀တ္ထုများ စသည်တို့ ကို အလျင်းသင့်သလို ကူးယူဖော်ပြသွားမည်ဖြစ်ကြောင်း ဘလော့ပိုင်ရှင်များအား အသိပေးအပ်ပါသည်။ကူးယူဖော်ပြသော ဘလော့နာမည်များအား အခြေအနေအရ ဖော်ပြနိင်ခြင်းမပြုခြင်းအတွက် အလေးအနက်တောင်းပန်အပ်ပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS