ပြောလိုက်တိုင်း ပြောလိုက်တိုင်း
မျက်လုံးလေးက ဝေ့၀ိုက်လည်လို့
ကျွန်တော့ညီမလေးက ဘာသာစကားသင်ခါစ
ဘ၀ လောက လူ့သဘာဝ သံသရာ
ညီမလေးကအဓိပ္ပာယ်တွေ နားမလည်တော့
ကျွန်တော့်ကို ခဏခဏမေးခွန်းထုတ်တယ်
ပျော်စရာဆိုတာ ညီမလေးရှာမရတဲ့ ဘာသာဗေဒလား
ဝေဒနာဆိုတာ ညီမလေးအသားကျနေတဲ့ အက္ခရာတွေလား
ဒုက္ခဆိုတာ ညီမလေးသုံးနေကျ ဗျည်းသရတွေလား
ကျွန်တော်ကလည်း သိပ်ချစ်တော့မဖြေရက် မဆိုရက်
မထိရက် မကိုင်ရက်
ရယ်စရာတွေပဲ လှည့်ပတ်ပြောနေခဲ့တာ
ခုမှစဉ်းစားမိလာတယ်
ကျွန်တော်မပြောခဲ့တဲ့ အနေအထားက
ညီမလေးကို တစ်ရစ်ပြီးတစ်ရစ် ၀ိုင်းရံလို့
ကျွန်တော့်ခန္ဓာကိုယ်မှာ ရုပ်နဲ့ နာမ်ဟာခွဲခွာလို့
ကြောက်ရွံ့ခြင်းက သွေးလိုစီးဆင်းလို့
ကျွန်တော်စိတ်ကျ ရူးသွပ်နေတုန်း
ကျွန်တော် ပြောသမျှ အတွေ့အကြုံတိုင်းကို
ညီမလေးက မသိတတ်ဘူး။
မြတ်ဝေ
ညီမလေးက မသိတတ်ဘူး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment